Pages

Subscribe:

Ads 468x60px

Featured Posts

Thursday, October 20, 2011

ခရစ်တော်၌ အောင်နိုင်ခြင်း


ရဲလင်းထွန်း (အင်းစိန်)
Victory in Christ  New Life in Christ Course III
Lesson 24
သော့ချက် ကျမ်းပိုဒ်။ “ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌  စုံလင်တတ်သည်ဟု မိန့်တော်မူ၏”
(၂ကော၊ ၁၂း၉က)
ခရစ်ယာန်တစ်ယောက်အသက်တာ၏ ၀မ်းနည်းဖွယ်အကောင်းဆုံးအတွေ့အကြုံတစ်ခုမှာ အပြစ် တန်ခိုး၏အောက်တွင် ရှိနေခြင်း ဖြစ်သည်။ ခရစ်ယာန်တစ်ယောက် အသက်တာအတွင်းရှိ အပြစ်သည် အောက်ပါ ဆိုးရွားသောရလဒ်များကို ဖြစ်စေသည်။
အပြစ်သည် သခင်ယေရှု၏နာမတော်ကို အသရေပျက်စေသည်။ သင်သည် ခရစ်ယာန်ဆိုပါက သင်သည် သခင်ယေရှုကို ကိုယ်စား ပြုနေခြင်း ဖြစ်သည်။ သင်သည် အပြစ်လုပ်မိသောအခါ သူ၏ နာမတော်ကို အသရေပျက်စေသည်။
အပြစ်သည် သင်၏ပျော်ရွှင်မှုနှင့်တန်ခိုးကို ပျက်ပြယ်စေသည်။ သင် အပြစ်လုပ်နေသမျှ ကာလပတ်လုံး ဘုရားသခင်သည် သင့်ကို အသုံး မပြုပါ။
အပြစ်သည် သင့် ခရစ်ယာန် အသက်တာ၏ သက်သေခံခြင်းကို ဖျက်ဆီးမည်။ အခြားလူများသည် သင့်ခရစ်ယာန်အသက်တာ သက်သေခံခြင်း ကို သင်ပြောသောအရာများအားဖြင့် မဟုတ်ဘဲ သင့်နေ့ စဉ်အသက်တာကို ကြည့်၍ ဆုံးဖြတ်ကြမည်ဖြစ်သည်။
အခုအခါတွင် သင့်အသက်တာအားဖြင့် ဤအရာနှစ်ခုထဲမှ တစ်ခုကို အခြားလူများအား သင်ပြော နေသည်။ ပထမတစ်ခုမှာ ““ခရစ်ယာန် အသက်တာသည် အလုပ်ဖြစ်၍ အောင်မြင်သည်။”” ဒုတိယတစ်ခုမှာ ““ခရစ်ယာန်အသက်တာသည် အလုပ်မဖြစ်ပါ။””
ခရစ်ယာန်တစ်ယောက်အနေဖြင့် သင်၏အသက်ရှင်မှုသည် သင့်အသက်တာကိုသာမက အခြားလူများ၏ အသက်တာကိုလည်း အကျိုး သက်ရောက်မှုရှိသည်။ ထို့ကြောင့် အောင်နိုင်သော ခရစ်ယာန်တစ်ယောက်ဖြစ်ရန် မည်မျှအရေးကြီးသည်ကို သင်မြင်ပြီမဟုတ်လော။
အောင်နိုင်သော အသက်တာ ဆိုသည်မှာ အဘယ်နည်း။
““အောင်နိုင်သောအသက်တာ””ဟု ကျွန်ုပ်တို့ပြောသောအခါ ကျွန်ုပ်တို့သည် သွေးဆောင်ဖြားယောင်းမှုမရှိသော အသက်တာ (သို့) အပြစ်မရှိ၊ ပြီးပြည့်စုံသောအသက်တာအကြောင်းကို ပြောနေခြင်း မဟုတ်ပါ။ ““ကျွန်ုပ်၌အပြစ်မရှိပါ”” (သို့) ““ကျွန်ုပ်အပြစ် ထပ်မလုပ် တော့ပါ။”” စသည့်စကားများကို သခင်အားပြောခိုင်းဖို့ လူတစ်ယောက်အတွက် မဖြစ်နိုင်ပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ““ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ၁ယော ၁း၈

ထိုသို့ဆိုလျှင် အောင်နိုင်သောအသက်တာ ဆိုသည်မှာ အဘယ်နည်း။
အောင်နိုင်သောအသက်တာဆိုသည်မှာ သခင်၌၀မ်းမြောက်၍ ငြိမ်သက်ခြင်းရသော အသက်တာမျိုး ဖြစ်သည်။ သခင်နှင့် အဆက် မဖြတ် မိတ်သဟာယဖွဲ့သော အသက်တာဖြစ်သည်။ အပြစ်များအပေါ် အောင်နိုင်သော အသက်တာမျိုးဖြစ်သည်။ အပြစ်သေးသေး လေးများဟု ခေါ်ကြသော ဒေါသ၊ အပြစ်ရှာတတ်ခြင်း၊ စောဒကတက်ခြင်း၊ ချစ်ခြင်းမေတ္တာမရှိခြင်း။ မနာလိုတပ်မက်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ၊ မှားယွင်းစွာတွေးတောခြင်း များ၊ စိုးရိမ်ကြောင့်ကြခြင်းစသည်တို့ကိုပင် အောင်နိုင်သောအသက်တာမျိုးဖြစ်သည်။
သခင်ယေရှု၏ ဘုန်းတော်ကို ထင်ရှားစေသောအသက်တာသည် တစ်ခုတည်းသော အောင်နိုင်သော အသက်တာ ဖြစ်သည်။
ဤအသက်တာမျိုး မည်သူရနိုင်သလဲ။
မည်သည့်ယုံကြည်သူမဆို ရနိုင်သည်။ ဤအသက်တာမျိုးသည် သင့်အတွက်ပင်ဖြစ်သည်။ အောင်နိုင်သော အသက်တာသည် အထူး ခရစ်ယာန် အနည်းငယ်အတွက်သာ မဟုတ်ဘဲ သာမန်ခရစ်ယာန် တစ်ယောက်၏အသက်တာ ဖြစ်သည်ဟု ဓမ္မသစ်ကျမ်းထဲတွင် တင်ပြ ထားသည်။ ဤအသက်တာမျိုးကို အသက်ရှင်နိုင်ဖို့ ဘုရားသခင်သည် ခရစ်ယာန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားပေးသည်။ ကျမ်းစာက ထိုအရာနှင့်ပတ် သက်၍ ဘာပြောထားသည်ကို ကြည့်ကြပါစို့။
အောင်နိုင်ခြင်းသည် လက်ဆောင်တစ်ခု ဖြစ်သည်။
အောင်နိုင်သောအသက်တာနှင့် ပတ်သက်၍ ပထမဆုံး ကျွန်ုပ်တို့သိမြင်ရမည့်အရာမှာ ဤအရာသည် လက်ဆောင်တစ်ခု ဖြစ်ကြောင်း ပင်ဖြစ်သည်။ ထာဝရအသက်သည် လက်ဆောင်တစ်ခုဖြစ်သကဲ့သို့ အောင်နိုင်သောအသက်တာသည် လက်ဆောင်တစ်ခု ဖြစ်သည်။ ဤအရာကို လုပ်ယူ၍ မရပေ။ ဘုရားသခင်၏ လက်ဆောင်ဖြစ်သောကြောင့်ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““ငါတို့သခင် ယေရှုခရစ်အားဖြင့်၊ ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာတကား။”” (၁ကော ၁၅း၅၇)
ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်း ရရှိသည်။
ဒုတိယအချက်အနေဖြင့် ကျွန်ုပ်တို့သိမြင်ရမည်အရာမှာ အောင်နိုင်ခြင်းကို ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ရရှိကြောင်းပင် ဖြစ်သည်။
ကျေးဇူးတော်ဆိုသည်မှာ အဘယ်နည်း။ ကျေးဇူးတော်ဆိုသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ အတွက် လုပ်ပေးခဲ့သောအရာ တစ်စုံတစ်ခု ဖြစ်သည်။ ကျေးဇူးတော်ကို ““ဘုရားသခင်၏ မထိုက်တန်သော်လည်း ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးမှု””ဟူ၍ တစ်ခါတစ်ရံ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သို့သော် ကျေးဇူးတော်သည် ဤအရာထက်များစွာပိုသည်။ ကျွန်ုပ်တို့ဘယ်တော့မှ မလုပ်နိုင်မည့်အရာများကို ဘုရားသခင်၏ အရာခပ်သိမ်းကို တက်နိုင် သည့် အံ့သြဖွယ်ကြီးမားသော တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့အတွက် လုပ်ပေးခြင်းကို ကျေးဇူးတော် ဟု ခေါ်သည်။ ဘုရားသခင်၏ ကျေးဇူးတော် ကြောင့်သာ ကျွန်ုပ်တို့ကယ်တင်ခြင်း ကို ရရှိခံစားရခြင်းဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်း ကို အစမှအဆုံးတိုင် စီရင်၍ ပြည့်စုံစေ သည်။
ကယ်တင်ခြင်း၌  ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အပိုင်းရော မရှိဘူးလား။
ဟုတ်ကဲ့။ ရှိပါတယ်။ ကျွန်ုပ်တို့လုပ်ရမည့်အပိုင်းမှာ ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို လက်ခံ ရယူရန် ဖြစ်သည်။ ယခုကယ်တင်ခြင်းအကြောင်းကို စဉ်းစားကြည့်ကြ၍ ကယ်တင်ခြင်း၌ ဘုရားသခင်၏ကျေးဇူးတော်က မည်သည့်အပိုင်းမှ ပါဝင် ခဲ့သည်ကို ကြည့်ကြပါစို့။
ပထမဆုံး ဘုရားသခင် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည့်အချိန်နှင့်ပတ်သက်၍ ပြန်လည်စဉ်းစား ကြည့်ကြပါစို့။ ကျွန်ုပ်တို့ အယောက် ဆီတိုင်းသည် အပြစ်ဒုစရိုက်၌သေလျက်ရှိ၍ ဘုရားသခင်နှင့်ကွဲကွာ လျက်ရှိသော အတိတ်အချိန်ကာလကို ပြန်လည်တွေးကြည့်နိုင်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ် တို့ကို ချစ်၍ သူ၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခဲ့သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““....ဒုစရိုက် အပြစ်၌သေလျက်ရှိသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။”” (ဧဖက် ၂း၁)
ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်၌သေလျက်ရှိစဉ် ၀ိညာဉ်ရေးအရ အသက်ရှင်ရန် မိမိဘာသာမိမိ လုပ်နိုင်ပါမည်လော? မလုပ်နိုင်ပါ။ ကျွန်ုပ်တို့ကို ၀ိညာဉ်ရေးအရ အသက်ရှင်စေသောအရာမှာ ကျွန်ုပ်တို့ အတွင်း၌အလုပ်လုပ်နေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော် သက်သက် ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင် တော်မူခြင်းသို့ရောက်ရ၏။ ကိုယ်အလို အလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ် သတည်း။”” (ဧဖက် ၂း၈-၉)
ယခုတွင် အနာဂတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ စဉ်းစားကြည့်ကြပါစို့။ တစ်နေ့သောအခါတွင် သခင်ယေရှုသည် သူ၏ယုံကြည်သူများ အတွက် တဖန်ပြန်ကြွလာမည်ကို ကျွန်ုပ်တို့သိကြသည်။ သေပြီးသော ယုံကြည်သူများ၊ အသက်ရှင်လျက်ရှိနေသောယုံကြည်သူများနှင့်၊ ယုံကြည်သူအားလုံးသည် လေထုအတွင်း ၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ချီဆောင်ခြင်းကိုခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများသည် ချက်ချင်းပြောင်းလဲခြင်းခံရ၍ သူနှင့် တူစေရန် လုပ်ခြင်းခံရမည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““သခင်ဘုရား သည် ကြွေးကြော်ခြင်းနှင့် .... ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်ရန် ကျန်ကြွင်း သော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့်အတူတကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့်.....”” (၁သက် ၄း၁၆-၁၇)
ဤအချက်ကို စဉ်းစားကြည့်ပါ။ မိမိအစွမ်းတန်ခိုးဖြင့် သခင်ဘုရားနှင့်တွေ့ဆုံရန် ချီဆောင်ခြင်းကို ခံနိုင်မည်လော? မခံနိုင်ပါ။ ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်အားဖြင့်သာ ဤအရာသည် ဖြစ်နိုင်သည်။ သူ၏ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် ယခု သင် ဘာလုပ်မည်နည်း။ မိမိလုပ်နိုင်သမျှအကောင်းဆုံးလုပ်၍ မိမိအစွမ်းဖြင့် ကျွန်ုပ်တို့ ရုန်းကန်ကြမည်လော။ ထိုသို့ လုပ်မည်ဆိုလျှင် ကျွန်ုပ်တို့စိတ်ပျက်ဖွယ် ရှုံးနိမ်မည်ကို သိကြသည်။ ထိုသို့ မလုပ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အောင်မြင်မှု ရနိုင်အောင် ပြင်ဆင် ပေးခဲ့သည်။
ဘုရားသခင်က ကျွန်ုပ်တို့အတွက် ဘာကို ပြင်ဆင်ပေးခဲ့သနည်း။ သူ၏အံ့သြဖွယ်တန်ခိုးတော် ကျွန်ုပ်တို့ (စိတ်နှလုံး)အတွင်း၌ အလုပ်လုပ် နေသည်ဆိုသော သူ့ကျေးဇူးတော်ကို ပြင်ဆင်၍ ပေးခဲ့သည်။ ကျွန်ုပ်တို့၏အခြေအနေက မည်သို့ပင်ဖြစ်စေ၊ ““ငါ့ကျေးဇူးတော်သည် သင့်အတွက် လုံလောက်မှုရှိသည်”” ဟု ဘုရားသခင်က ကျွန်ုပ်တို့ကို ပြောနေသည်။
ခရစ်တော်သည် ကျွန်ုပ်တို့၏ (စိတ်နှလုံး) အတွင်း၌ အသက်ရှင်လျက်ရှိသည်မှာ ယခုလက်ရှိကာလ တွင် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ ““ငါ့ကျေးဇူးတော်သည်””ဟု ဘုရားသခင်ပြောသောအခါ ““ငါ့ခရစ်တော်သည် သင့်အတွက် လုံလောက်မှုရှိသည်။ သူ့ကို ယုံကြည်ပါ။ အခြေ အနေတိုင်းတွင် သူသည် သင့်ကိုအောင်မြင်မှုကိုပေးနိုင်သည်””ဟု ဆိုလိုခြင်းဖြစ်သည်။
ကျွန်ုပ် ဘာလုပ်ကြမည်နည်း?
ကျွန်ုပ်တို့သည် ခရစ်တော်၌ ခိုလှုံကြမည်။ ကျွန်ုပ်တို့ကို စောင့်ရှောက်ရန်နှင့် အောင်နိုင်မှုကိုပေးရန် အတွက် သူ့အားယုံကြည်မည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံခြင်းဖြစ်သည်။ ဤကျေးဇူးတော်ကို လက်ခံသောအခါ ကျွန်ုပ်တို့သည် စိုးစံရသော အခွင့်ကို ရကြသည်။ ကျမ်းစာက ဤသို့ ဆိုသည်။ ““....ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို ခံရသော သူတို့ သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံကြလတံ္တ့။  (ရော ၅း၁၇ ခ)
အောင်နိုင်ခြင်းသည် ခရစ်တော်၌ရှိသည်။
ခရစ်ယာန်များစွာသည် အောင်နိုင်ခြင်းကို သင်ကြားမှုအချို့ (သို့) ထူးဆန်းသောအတွေ့အကြုံ အချို့တို့အားဖြင့် ရှာဖွေကြ သော်လည်း အောင်နိုင်ခြင်းသည် သခင်ယေရှုခရစ်အတွင်း၌သာရှိသည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့် ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာတကား။ (၁ကော ၁၅း ၅၇)
ခရစ်တော်သည် အရာနှစ်ခုကိုကမ်းလှမ်းထားသည်။
သခင်ယေရှုသည် လူတိုင်းကို အရာနှစ်ခုအားပေးရန် ကမ်းလှမ်းထားသည် ထိုအရာနှစ်ခုမှာ ထာဝရ အသက်နှင့်အပြစ်အပေါ် အောင်နိုင်ခြင်း ဖြစ်သည်။ သူသည် ထိုအရာနှစ်ခုလုံးကို တူညီသောအခြေခံ စည်းမျဉ်းတစ်ခုတည်းအားဖြင့် ကမ်းလှမ်းထားသည်။ ထိုအခြေခံစည်းမျဉ်းမှာ ထိုအရာနှစ်ခုကို ကျွန်ုပ်တို့ သည် သူ့အားလုပ်ခွင့်ပေးရန်ဖြစ်သည်။
ကယ်တင်ခြင်းရရန် ရှာဖွေဖို့ မှန်သောနည်းလမ်းနှင့် မှားသောနည်းလမ်းရှိသလို အောင်နိုင်မှုရရန် ရှာဖွေဖို့ မှန်သောနည်းလမ်းနှင့် မှားသောနည်းလမ်းဟူ၍ ရှိသည်။ မှားသောနည်းလမ်းမှာ အောင်နိုင်ခြင်း ရ ရန် မိမိဘာသာမိမိ ကြိုးစား၍  လုပ်ကိုင်ခြင်းဖြစ်ပြီး မှန်သော နည်းလမ်းမှာ သခင်အားလုပ်ခွင့်ပေးခြင်းဖြစ် သည်။ သခင်ယေရှုက ဤသို့ဆိုသည်။ ““၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာ ပေးမည်။”” (မသဲ ၁၁း၂၈)
သင်သာ အလုပ်တစ်ခုခုလုပ်နေစဉ် သခင်ယေရှုလာ၍ ““ငါသည် သင့်ကိုအနားပေးမည်”” ဟူ၍ သင့်ကိုပြောပါက သူ ဘာလုပ်ဖို့ သင်မျှော်လင့်ထားမည်နည်း။ သူသည် သင်လုပ်နေသောအလုပ်ကို လွှဲပြောင်းရယူ၍ ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် သင်အနားယူနိုင်ဖို့ မျှော်လင့် ပေမည်။ သူသည် သင့်အတွက် လုပ်ပေးလိုသောအရာမှာ အတိအကျပင် ဤအရာဖြစ်သည်။
သင်သည် အောင်နိုင်သောဘ၀အသက်တာကို ရရှိရန် ကြိုးစားနေသော်လည်း ရှုံးနိမ့်နေသည်ဆိုပါ စို့။ သခင်ယေရှုက သင့်ကို ဤသို့ ပြောနေ သည်။ ““ငါ့ကိုလွှဲပြောင်းပေးလိုက်ပါ။ ငါသည် သင်အတွင်း၌ အောင်နိုင်သောအသက်တာကို အသက်ရှင်မည်။””
အောင်နိုင်သောအသက်တာအတွင်းသို့ ကျွန်ုပ်တို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။
အောင်နိုင်သောအသက်တာအတွင်းသို့ ၀င်ရောက်ရန် သင်လုပ်ရမည့် အရာနှစ်ခုသာရှိသည်။
(၁) သင့်ကိုသင် ခရစ်တော်ထံ ဆက်ကပ်အပ်နှံပါ။
(၂) ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံပါ။
ပထမဆုံးအနေဖြင့် သင့်ကိုသင် ဆပ်ကပ်အပ်နှံရမည်ဖြစ်သည်။ သင်ဖြစ်တည်နေသောဘ၀နှင့် သင်၌ရှိသောအရာအားလုံးကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ အကယ်၍ သင့်အသက်တာကို သင်ထိန်းချုပ်နေပါက သင့်ကိုသင်စောင့်ထိန်းဖို့ သင်၌သာ တာဝန်ရှိသည်။ အကယ်၍ သင့်ကို သင်သာ ခရစ်တော်ထံဆပ်ကပ်အပ်နှံလိုက်ပါက သင့်ကိုစောင့်ထိန်းရန်မှာ သူ့တာဝန်ဖြစ်လာသည်။ တမန်တော်ပေါလုက ဤသို့ဆိုသည်။“....အ ဘယ် သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ ငါအပ်ထားသောအရာ ကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်သည်ဟု ငါသဘောကျ၏။” ၂တိ ၁း ၁၂
သခင်ယေရှုသည် ရှင်ပေါလုကကို စောင့်ထိန်း၍ အောင်နိုင်ခြင်းအခွင့်ကို ပေးနိုင်ခဲ့သည်။ သခင် ထိုသို့ လုပ်ပေးနိုင်ရန်အတွက် ပေါလု လုပ် ဆောင်ခဲ့သောအရာ တစ်ခုရှိသည်။ ထိုအရာမှာ အဘယ်နည်း? ထိုအရာ မှာ ရှင်ပေါလုသည် သူ့ကိုသူ သခင်ယေရှုထံသို့ လုံးဝ ဆပ်ကပ် အပ်နှံခဲ့ သည်။ အကယ်၍ သင်သည် သခင်ကို သင့်အားစောင့်ထိန်းစေလို၍ အောင်နိုင်ခြင်းကို ပေးစေလိုလျင် သင့်ကိုသင် သူ့ထံ ဆပ်ကပ်အပ်နှံရ မည်ဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် သခင်အား မအပ်နှံဘဲ သင်ထိန်းချုပ်ထားသောအရာ သင့်ဘ၀တွင် ရှိသလော?
ရှိပါက ယခုချက်ချင်း သူ့ထံသို့ ထိုအရာကို ဆပ်ကပ်အပ်နှံမည်လော? အပြစ်များနှင့် ရှုံးနိမ့်မှု များဖြင့် ပြည့်လျက်ရှိသော သင့် အတိတ်ကို သူ့အား လွှဲပေးလိုက်ပါ။ ဘာဖြစ်မလဲဆိုတာ မသိနိုင်သော အနာဂတ်ကိုလည်း ဆပ်ကပ်အပ်နှံလိုက်ပါ။ သင်ချစ်ရသောသူများ၊ သင်ချစ်သော ယောက်ျား (သို့) မိန်းမကို သူ့ထံ အပ်နှံလိုက်ပါ။ အကယ်၍သူတို့သည် သင့်အတွက် သခင်စီစဉ်ထားပေးသော အစီအစဉ်နှင့် အကျုံး မ၀င်ပါက သင့်ဘ၀ အတွင်းမှ သူတို့ကို ထွက်ခွာခွင့်ပေးရန် ဆန္ဒ ရှိကြောင်း သခင်အားပြောပါ။ ထာဝရ အချိန်ကာလအတွက် သင် ဖြစ်တည်လျက်ရှိသောဘ၀နှင့် သင်၌ ရှိသောအရာ အားလုံးတို့ကို သူ့အားလက်လွှဲ ပေးအပ်မည်ဖြစ်ကြောင်း ယခုချက်ချင်းပင် သူ့အား ပြောလိုက်ပါ။ သင်သာ ဤသို့လုပ်ပါက အောင်နိုင်ခြင်း ရရန်အတွက် ပထမဦးဆုံး ခြေလှမ်းကို သင်လှမ်းလိုက်ပြီဖြစ်သည်။ သင် ယခု လုပ်မည်လော?
““သင်၌ရှိသော အရာအားလုံးသည် သခင်ယေရှု၌ မရှိမချင်း သင်သည် အောင်နိုင်သော အသက်တာကို ဘယ်တော့မှ ရမည် မဟုတ်ပါ။””  Wilbur Chapman
ဒုတိယအချက်အနေဖြင့် ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံရမည်။ ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံခြင်း သည် သူ့ကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံပုံနှင့် အတော်တူသည်။
ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံစဉ် သင်ဘာလုပ်ခဲ့သနည်း။ သင်သည် အကူအညီ ကင်းမဲ့လျက်ရှိသော အပြစ်သား အနေဖြင့် သူ့ဆီလာပြီ သင့်ကိုကယ်တင်ရန် သူ့အား ယုံကြည်ခဲ့သည်။
ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံစဉ် သင်ဘာလုပ်သနည်း? သင်သည် အကူ အညီကင်းမဲ့လျက်ရှိသော အရှုံး သမား ခရစ်ယာန်အနေဖြင့် သူ့ဆီလာပြီး သင့်အား အောင်နိုင်ခြင်းအခွင့်ကို ပေးရန်အတွက် သူ့အားယုံကြည်ခဲ့သည်။ သူ့ကို သင်၏ အောင်နိုင်ခြင်းအဖြစ် ယခု လက်ခံမည်လော။ ဤသို့ သာ သူ့အားပြောလိုက်ပါ။ ““သခင်ယေရှု၊ ကျွန်ုပ်သည် ခရစ်ယာန်အသက်တာကို အသက်ရှင်နိုင်ရန် ကြိုးစားပြီးရင်း ကြိုးစား သော်လည်း ရှုံးနိမ့်ခဲ့ပါ၏။ ယခုတွင်မူ သင့်ကိုကျွန်ုပ်၏ အောင်နိုင်ခြင်းအဖြစ် လက်ခံပြီး ကျွန်ုပ်အား အောင်နိုင်ခြင်းအခွင့်ကို ပေးရန်အတွက် သင့်အား ယုံကြည်ပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံခြင်း
ခရစ်တော်ကို သင်၏အသက်ကယ်တင်ရှင်အဖြစ်လက်ခံခဲ့စဉ်တွင် ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကြောင်း သင် ဘယ်လို သိသနည်း။ သူ၏နှုတ်ကပတ်တော်အားဖြင့် သိခဲ့သည်။ သင်သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံခဲ့ပြီး သင့်ကိုကယ်တင်ခဲ့သော သူ့ကိုကျေးဇူးတင်ခဲ့သည်။
ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံခဲ့စဉ်တွင် ဘုရားသခင်သည် သင့်ကို အောင်နိုင် ခြင်းအခွင့်ကိုပေးခဲ့ကြောင်း သင် ဘယ်လို သိသနည်း။ သူ၏နှုတ်ကပတ်တော်အားဖြင့် သိသည်။ ဘုရားသခင်ဘာပြောသနည်း။ ““ငါ့ကျေးဇူးတော်နှင့် ငါ့ခရစ်တော်သည် သင့်အဘို့ လုံလောက်မှု ရှိသည်””ဟူ၍ ပြော သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင်ပြောထားသော သူ့ကျေးဇူးတော်သည် သင့်အဖို့လုံလောက် မှုရှိသည်ဟူသောအချက်ကို လက်ခံ၍ သူ့အား ကျေးဇူးတင်မည်လော။ ခရစ်တော်သည် ယခုအချိန်တွင်ပင် သင့်စိတ်နှလုံးအတွင်း၌ အသက်ရှင်လျက်ရှိပြီး သင့် လိုအပ်ချက် အားလုံးကို ဖြည့် ဆည်းပေးနေသည့်အတွက် သူ့အား ကျေးဇူးတင်ပါ။ ခရစ်တော်ထံ၌ ခိုလှုံအညံ့ခံပြီး သင်၏ အောင်မြင်နိုင်ခြင်း အဖြစ် သူ့အားလက်ခံသောအခါ သင်သည် အောင်နိုင်သောဘ၀အသက်တအတွင်းသို့ ၀င်ရောက်ပြီဖြစ်သည်။ သင် ဤသို့ပြောနိုင်သည်။ “ယခုအချိန်တွင်ပင် သခင်ယေရှုသည် ကျွန်ုပ်၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးနေပြီဆိုတာ ကျွန်ုပ်သိခြင်းမှာ သူ၏ကျေးဇူးတော်သည် ကျွန်ုပ်အတွက် လုံလောက်မှုရှိသည်ကို ကျွန်ုပ်သိသောကြောင့် ဖြစ်သည်။
အောင်နိုင်သောအသက်တာ၌  မည်သို့ဆက်လက်အသက်ရှင်မည်နည်း?
သင်သည် သခင့်ထံ၌ ခိုလှုံအညံ့ခံ၍ သူ့အား သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံခြင်းအားဖြင့် အောင်နိုင်သော အသက်တာ အတွင်းသို့ သင်ဝင်ရောက်လာသည်။ ထိုနည်းတူပင် သခင့်ထံ၌  ဆက်လက် ခိုလှုံ၍သင်၏အောင်နိုင်ခြင်းအဖြစ် ဆက်လက် လက်ခံခြင်းအားဖြင့် အောင်နိုင်သော အသက်တာအတွင်း၌ သင် ဆက်လက်အသက်ရှင်သည်။ အောင်နိုင်ခြင်းသည် တကြိမ်တည်း လုပ်ရမည့် အရာမျိုး မဟုတ်ပါ။ ခရစ်တော်ကို သင်၏ အောင်နိုင်ခြင်းအဖြစ် အချိန်တိုင်း၊ နေ့စဉ်နေ့တိုင်း လက်ခံခြင်းမျိုးဖြစ်သည်။
အောင်နိုင်ခြင်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရရှိသည်ကို သတိရပါ။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့ အံကြိတ်၍ ရုန်းကန်နေခြင်းမျိုး မဟုတ်ပါ။ ဤအောင်နိုင်ခြင်းသည် ဘုရားသခင် ကျေးဇူးတော်၏ အံ့သြဖွယ်လုပ်ဆောင်မှုဖြစ်ပြီး ““ကြိုးစားခြင်း”” မဟုတ်ဘဲ ““ယုံကြည်ခြင်း””ဖြစ်သည်။ ကြိုးစားခြင်းဆိုသည် မှာ ကျွန်ုပ်တို့လုပ်သောအရာဖြစ်သည်။ ယုံကြည်ခြင်းဆိုသည် ကျွန်ုပ်တို့အတွက် လုပ်ပေးရန် သခင်အား အခွင့်ပေးခြင်းဖြစ်သည်။
သင်သည် နောက်ထပ်ရှုံးနိမ့်ဦးမည်လော?
သင်သည် စိတ်ပျက်ပြီး ဤသို့ပြောမည်လော။ ကျွန်ုပ်၌ ဤအရာသည် အလုပ်မဖြစ်ပါ။ အောင်နိုင်သော ခရစ်ယာန်တစ်ယောက် ကျွန်ုပ် မဖြစ် နိုင်ပါ။ အခြားသူများသည် အောင်နိုင်သော်လည်း ကျွန်ုပ်မှာ မအောင်နိုင်ပါ။ ထိုအရာများသည် စာတန်သည် သင့်ကို ပြောစေလို သောအရာများ ဖြစ် သည်။ ထိုသို့မပြောပါနှင့်။ လမ်းလျှောက်သင်နေသော ကလေးတစ်ယောက်ကို သင့်တွေ့ဖူးပါသလား။ လမ်းလျှောက် သင် နေတုံး ထိုကလေး ဘာ ဖြစ်သနည်း။ သူသည်ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် လဲကျသွားသည်။ ထို့နောက် ဘာဆက်ဖြစ်သနည်း။ သူသည်ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ပြီး ဤသို့ပြောသလော။ “ကျွန်ုပ် လမ်းမလျှောက်တတ်ဘူး။ လမ်းလျှောက်လည်း ဘယ်တော့မှ တက်မှာ မဟုတ်ဘူး”။ သူထိုသို့မပြောပါ။ လမ်းလျှောက်တတ် သည်အထိ သူဆက်လျှောက်မည်ဖြစ်သည်။
ခရစ်ယာန်အသက်တာမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အောင်နိုင်သောအသက်တာအနေ ဖြင့် လျှောက်လှမ်း အသက်ရှင် နေတုံး ချော်လဲကျမှုများ ရှိလိမ့်မည်။ သင်လဲကျသောအခါ ဘာလုပ်သင့် သနည်း။ ပြန်ထပါ။ သင့်အပြစ်များကို သခင့်ထံ ၀န်ခံပါ။ သင်လဲကျရန် မရည်ရွယ်တာကို သူ့အားပြောပါ။ အောင်နိုင်သောအသက်တာကို အသက်ရှင်လိုကြောင်း သူ့အားပြောပါ။ ထို့နောက် ပြန်စပြီး နောက်ထပ် တစ်ကြိမ် လမ်းပြန်လျှောက်ပါ။ ခရစ်တော်ကိုလည်း သင်၏အောင်နိုင်ခြင်းအဖြစ် ဆက်လက်ယုံကြည်ပါ။ အချိန်ကြာလာသည်နှင့်အမျှ သင် သည် မကြာခဏ လဲကျတော့မည်မဟုတ်ပေ။
ရှုံးနိမ့်မှုကို လက်မခံပါနှင့်။
သင်ရှုံးနိမ့်သောအခါ အရှုံးသမားအနေဖြင့် ဆက်လက်အသက်မရှင်သင့်ပါ။ အောင်နိုင်သော အသက်တာကို သင်ချက်ချင်း ပြန်ရအောင် လုပ် နိုင် သည်။ မည်သို့လုပ်မည်နည်း? ဘုရားသခင်ထံ သင့်အပြစ်များကို ၀န်ချပြီး ခရစ်တော်အား သင်၏အောင်နိုင်ခြင်းအဖြစ် နောက်တစ်ကြိမ် ဆက်လက် ယုံကြည်ခြင်းအားဖြင့် လုပ်နိုင်သည်။ ခရစ်တော်သည် မရှုံးနိမ့်ပဲ အောင်နိုင်သူဖြစ်ရုံမက သင့်အတွင်း၌ အသက်ရှင်နေသည်ကို သတိရပါ။
သင်သည် အောင်နိုင်ခြင်းကို ရနိုင်သည်။
ဤသင်ခန်းစာကို တစ်ကြိမ်ထဲဖတ်၍ အဖြေစာရွက်ကို မဖြည့်ပါနှင့် ဤသင်ခန်းစာရှိ သမ္မာတရားများကို သိရုံမက သင့်ဘ၀၌ လက်တွေ့ အစစ်အမှန်ဖြစ်လာနိုင်ဖို့ ဤသင်ခန်းစာကို ထပ်ခါတလဲလဲ ဖတ်ပါ။
ခရစ်တော်သည် သူ၏နောက်လိုက်တပည့်တော်များအတွက် လုပ်ပေးခဲ့သော ဘယ်အရာကိုမဆို သင့်အတွက်လည်း လုပ်ပေး လိမ့်မည်။
သင်သည် အောင်နိုင်သောခရစ်ယာန်တစ်ယောက်ဖြစ်နိုင်သည်။ ဤအသက်တာသည် အခြားသူများ အတွက်ပဲဟု မပြောပါနှင့်။ သင့်အတွက် လည်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အောင်နိုင်စွာ အသက် ရှင်စေလိုသည်။ သင်ယခုလက်ရှိဘ၀အခြေအနေ၌ပင် ဤအောင်နိုင်ခြင်းကို သင့်အဖို့ ရည်ရွယ်ထားသည်ကို သင်ယုံကြည်ရမည်။
အောင်နိုင်သော အသက်တာကို ရွေးချယ်ပါ။
ရှုံးနိမ့်သောခရစ်ယာန်တယောက်၏ အသက်တာသည် ခက်ခဲသည်။ ပျော်ရွှင်ဝမ်းမြောက်၍ သခင်ယေရှု၏နာမတော်ကို ချီးမြှောက် သော တခုတည်းသောအသက်တာသည် အောင်နိုင်သောအသက်တာ ဖြစ်သည်။
အောင်နိုင်သော အသက်တာဆီသို့ ခြေလှမ်း စတင်လှမ်းပါ။
ခရစ်တော်ထံ သင့်ကိုသင် ဆပ်ကပ်အပ်နှံပြီး သူ့ကို သင့်အောင်နိုင်ခြင်းအဖြစ် လက်ခံပါ။
ခရစ်တော်ကိုအချိန်တိုင်း ယုံကြည်ပါ။
အခြေအနေတိုင်းသည် သူ့အားမှီခို၍ ဤသို့ပြောပါ။ ““ငါ့သခင်ကို ငါသိသည်။ ခရစ်တော်၏ ကျေးဇူးတော်သည် ငါ့အဘို့ လုံလောက်၍ ငါ့လိုအပ်ချက်အားလုံးကို သူဖြည့်ဆည်းပေးနေသည်။

အဦးသီးသော အသီး -

ဆရာမောဇက်ထောင်ကျုံး
အဦးသီးသောအသီးအနှံကို ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍ စပါးစေ့ကို ပွတ်ယြူပီးမှ၊ ဆီကိုလောင်း၍ လောဗန်ကိုတင်လျက် ပူဇော်သက္ကာကြိုပုရမည်။ ဘောဇဉ်ပူဇော် သက္ကာ ဖြစ်သတည်း။ ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်း ဟူသော ထို ဘောဇဉ် ပူဇော်သက္ကာ အတွက်အတာ ကို ယဇ်ပုရော ဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဖြစ်သတည်း။ (၀တ်၂း၁၄-၁၆) သင်၏မြေ ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို သင်၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင် သွင်း ရမည်။ (ထွက် ၂၃း၁၉) သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့ သည် စိတ်တော်နှင့်တွေ့  ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့ လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို  ထာဝရဘုရားရှေ့ တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့  မီးရှို့ရာယဇ်ပြု၍ ပူဇော်ရ မည်။(၀တ် ၂၃း၁၀-၁၂)
ဣသရေလူများသည် နှစ်စဉ်နှစ်တိုင်း အဦးသီးသော အသီးကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ပူဇော်တတ်ကြသည်။ အဦးသီးသောအသီး ပူဇော်ရာတွင် စပါးနှံကို မီးနှင့် ချောက်အောင် ကင်၍ ပွတ်ယူပြီးမှ ဆီလောင်း၍ လောဗန်နှင့် ပူဇော်ရသည်။ သူတို့  ပူဇော်သော အဦးသီးသောအသီးကို အဘယ်ကြောင့်ဘုရားသခင်က ပူဇော်ခိုင်းသည်ကို သူတို့ မသိကြ။ သူတို့ ပူဇော်သော အရာသည် အရိပ်ဖြစ်သည်။ သို့ ဖြစ်လျှင် အကောင်အထည်သည် အဘယ်အရာနည်း။ အဦးသီးသော အသီးသည်လည်း ခရစ်တော်၌ ပြည့်စုံခဲ့ပြီ။ မည်ကဲ့သို့ ပြည့်စုံသနည်း။




ခရစ်တော်၌ ပြည့်စုံခံခဲ့ပြီ
ယေရှုသည် ကြီးသောအသံနှင့်တဖန်ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာ သည် အထက်စွန်းမှ အောက်စွန်း တိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြား ကြ၏။ သင်္ချိုင်းတွင်းတို့  သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက် ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော်မူသည် နောက်၊ ထိုသူတို့သည် သင်္ချုင်္ိုင်းတွင်းမှထွက်၍ သန့် ရှင်းသော မြို့ထဲသို့ ၀င်ပြီးလျှင်၊ လူ များ စွာတို့ အားထင်ရှားကြ၏။ (မ ၂ရး၅၀-၅၃)၊
အထက်ပါ ကျမ်းပိုဒ်များအရ ခရစ်တော်သည် သေသော သူတို့တွင် အဦးဆုံး ထသော သူ ဖြစ်သည်။ ခရစ်တော်အရင် ထ မြောက်သော သူများ ရှိကြသော်လည်း ပုပ်ပျက်တတ်သော ကိုယ်ခန္ဓာနှင့်ထမြောက်ကြခြင်းဖြစ်သည်။ ဘုန်းရှိသောကိုယ်ခန္ဓာ သို့မဟုတ် ၀ိညာဏ ကိုယ်ခန္ဓာနှင့်ထမြောက်သောသူတို့ တွင် ခရစ်တော်သည် ပဌမဦးဆုံး ထမြောက်သည်။ သူသေ သောအခါ ရှေးသန့်ရှင်းသော သူများ သင်္ချိုင်းတွင်းမှ ထကြသော်လည်း ကိုယ်တော် ထမြောက်တော်မူပြီးမှသာ သင်္ချိုင်းတွင်းမှ ထွက်ကြသည်။ ထို့ ကြောင့် ရှင်ပေါလုက-ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့ တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။ (၁ ကော ၁၅း၂၀) ဟု ဆို သည်။ အဦးသီးသော အသီးတည်းဟူသော ခရစ်တော်သည် ထမြောက်တော်မူပြီးနောက် နောက်တဖန် အဦးသီးသော အသီးကို ပူဇော် စရာ မလိုတော့ချေ။ သို့သော် ဣသရေလလူများအနေနှင့် ခရစ်တော်၏ ထိုသို့ ပြည့်စုံခြင်းကို မသိကြသောအခါ အဦးသီးသောအသီးကို ပူဇော် နေကြဦး မှာဖြစ်သည်။ ခရစ်ယာန်များအနေနှင့်လည်း ထိုသမ္မာတရားကို မသိကြသောအခါ တောရွာများ၌ မိမိတို့ တောင်ယာနှင့်လယ် မှ ထွက်သော အဦးသီးသော အသီးအနှံများကို ဘုရားကျောင်း၌လှူခြင်းအားဖြင့် ကျေနပ် အားရ နေကြမှာဖြစ်သည်။ အဦးသီးသော အသီးအနှံများ ပူဇော်ခြင်းသည် ကောင်းပါသည်။ ထိုသို့ ပူဇော်ခြင်းသည် ကျေးဇူးတော် ချီးမွမ်းခြင်း ဖြစ်သည်။ ဘုရားသခင် ခိုင်းသော အဦးသီးသောအသီး ပူဇော်ခြင်းသည် သခင်ယေရှု၌ ပြီး ပြည့်စုံပြီ ဖြစ်သည်၊ အဘယ်ကြောင့် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို အဦးသီးသောအသီးဟု ခေါ်သနည်း။ အကြောင်းမှာ မျိုးစေ့စိုက်သောအခါ မြေကြီးအထဲမှ အပင်ထွက်လာ၍ အသီးသီးရာတွင် ပဌမဦး ဆုံးသော အသီးသည် အဦးသီးသောအသီး ဖြစ်သည်။ ထို့နည်းတူ ခရစ်တော်လည်း မျိုးစေ့စိုက်သကဲ့သို့ မြေကြီးထဲမြှပ်နှံခြင်းခံရ၍ သေသော သူတို့တွင် မပုပ်ပျက်နိင်သော ကိုယ်ခန္ဓာဖြင့် ပဌမဦးဆုံး ထမြောက်သောသူ ဖြစ်သည်။ ထို့ ကြောင့် သူကို အဦးသီးသော အသီးဟုခေါ်သည်၊

ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်း


ရဲလင်းထွန်း(အင်းစိန်)
Approved unto God   New Life in Christ Course III
Lesson 20
သော့ချက် ကျမ်း - သင်မူကား၊ ၀န်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ် လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။ (၂ တိ၊ ၂း၁၅)
ကျွန်ုပ်တို့သည် နောက်ဆုံးသောသင်ခန်းစာ၌ မဟာစေစားချက်နှင့်ပတ်သက်၍ လေ့လာခဲ့ပြီးဖြစ်သည်။ ထိုစေစားချက်မှာ ကမ္ဘာ အနှံ့အပြား သို့သွား၍ လူသတ္တ၀ါတိုင်းအား ဧ၀ံဂေလိတရားကို ဟောပြောရန် ဖြစ်သည်။ ခရစ်တော်အပေါ်၌ မူတည်သော ကမ္ဘာလုံးဆိုင်ရာ ကယ်တင်ခြင်းကို ဘုရားသခင်သည် စီရင်ခဲ့ ပြီးဖြစ်၍ ထိုအကြောင်းကို လူတိုင်းကြားရန် လိုအပ်သည်။
ဧ၀ံဂေလိသတင်းစကားကို တစ်ကမ္ဘာလုံးသို့ မည်သူက ပျံ့နှံ့စေမည်နည်း။
ဘုရားသခင်၏အစေခံများက ပျံ့နှံ့စေမည်။ ကယ်တင်ခြင်းခံရသူများသည် ဘုရားသခင်ကို အစေခံရန်နှင့် ဧ၀ံဂေလိတရားကို ပျောက်သောသူ တို့ ဆီ ယူဆောင်သွားရန် ခေါ်ယူခြင်း ခံရသည်။
ကျွန်ုပ်တို့လည်း တစ်ချိန်က ပျောက်ဆုံး၍ အပြစ်ဒုစရိုက်၌သေလျက်ရှိပြီး ဘုရားသခင်၏အသက်တာနှင့် ကွဲကွာလျက်ရှိခဲ့သည်ကို မမေ့ပါနှင့်။ ဘုရားသခင်၏ အစေခံအချို့သည် သခင်ယေရှုအကြောင်းကို ကျွန်ုပ်တို့အား ပြောပြခဲ့၍ ကျွန်ုပ်တို့သည် သူ့အား ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြသည်။ ယခုအခါတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အစေခံများ ဖြစ်လာရမည်ဖြစ်ပြီး အခြားသူများလည်း ကျွန်ုပ်တို့အားဖြင့် ဧ၀ံဂေလိတရားကို ကြားပြီး ကယ်တင်ခြင်း ခံရမည် ဖြစ်သည်။

အပြစ်သား - ဘုရားသား- အစေခံ

ဘုရားသခင်၏ တစ်ကမ္ဘာလုံးသို့ ဧ၀ံဂေလိတရားကို ပျံ့နှံ့စေမည့် အစီအစဉ်တွင် ဤအရာများသည် အလွန်အရေးကြီးသော ဆက်စပ်မှုများ ဖြစ်သည်။ အပြစ်သားများသည် ဧ၀ံဂေလိတရားကိုကြား၍ သခင်ယေရှုကို ယုံကြည်ပြီး ဘုရားသခင်၏သားသမီးများဖြစ်လာသည်။ မကြာမီ အတော အတွင်း သူတို့ သည် ဧ၀ံဂေလိတရားကို အခြားသူတို့ထံ ယူဆောင်သွားမည့် အစေခံများဖြစ်လာကြသည်။
ဤသင်ခန်းစာတွင် ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံများဖြစ်ရန် ကျွန်ုပ်တို့ မည်သို့ ပြင်ဆင်ရမည်ကို လေ့လာကြမည်။
ဘုရားသခင်အား အစေခံရန် ပြင်ဆင်ခြင်း
ဆရာဝန်တစ်ယောက် (သို့) ကျောင်းဆရာ (သို့) ရှေ့နေတစ်ယောက်ဖြစ်ရန် ပြင်ဆင်ဖို့အတွက် နာရီပေါင်းများစွာ အသုံးပြုရမည်ဖြစ်သည်။ ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံ တစ်ယောက် ဖြစ်ဖို့အတွက်လည်း ကြိုးစားပမ်းစား ပြင်ဆင်ရန် လိုအပ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““သင်မူကား၊ ၀န်ခံတော်မူသောသူ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတက်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစားအားထုတ် လော့။  ၁တိ ၂း ၁၅
ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံတစ်ယောက်ဖြစ်ဖို့ ဤအရာနှစ်ခုလည်း မရှိ မဖြစ်လိုအပ်သည်။
၁။ သမ္မာကျမ်းစာကို အသုံးပြုဖို့ ကောင်းကောင်းနားလည်ရမည်။
၂။ ဘုရားသခင်နှင့် နေ့စဉ် မိတ်သဟာရဖွဲ့ခြင်း။

သမ္မာကျမ်းစာကို မည်သို့ ကောင်းကောင်း နားလည်နိုင်မည်နည်း။
သမ္မာကျမ်းစာကို ဖတ်ခြင်း၊ သင်ယူလေ့လာခြင်းနှင့် ကျမ်းပုဒ်အချို့ကို အလွတ်ကျက်မှတ်ခြင်း အားဖြင့် နားလည်နိုင်သည်။ သမ္မာကျမ်းစာ သည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး စာအုပ်ဖြစ်သော်လည်း ၀မ်းနည်းစွာပြောလိုသည်မှာ ခရစ်ယာန်များသည် ကျမ်းစာကိုဖတ်ခြင်းအားဖြင့် ကျမ်းစာနှင့် ရင်းနှီးကျွမ်းဝင်လာရန်အတွက် အချိန်မယူခြင်းဖြစ်သည်။ သမ္မာကျမ်းစာကိုဖတ်၍ ကျမ်းစာထဲရှိ သမ္မာတရားများကို နားလည်နိုင်ရန်အတွက် သန့်ရှင်းသော ၀ိညာဉ်တော်ကို အားကိုးမှီခိုရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပြမှုမရှိဘဲ သမ္မာကျမ်းစာကို နားမလည်နိုင်ပါ။ ထိုအချက်ကြောင့် သမ္မာကျမ်းစာ သည် အခြား စာအုပ်များနှင့် ကွဲပြားခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ကယ်တင်ခြင်း မရသောသူသည် သမ္မာကျမ်းစာကို နားမလည်နိုင်ပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ““ဇာတိပကတိလူသည် ဘုရားသခင် ၀ိညာဉ်တော်၏အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တက်၏။ ထိုအရာတို့ကို ၀ိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင်။”” ၁ကော ၂း ၁၄
ဒုတိယအကြိမ်မွေးဖွားပြီးသူများအတွင်း၌  သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်နေထိုင်လျက်ရှိသောကြောင့် သူတို့သည် ဘုရားသခင်နှင့် ဆိုင်သောအရာတို့ကို နားလည်နိုင်ကြသည်။ ကျမ်းစာက ဤသို့ဆို သည်။ ““ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလို ငှာ၊ ဘုရားသခင်ထံတော်မှ ကြွလာသော ၀ိညာဉ်တော်တို့ကို ခံရကြပြီ။”” ၁ကော ၂း ၁၂
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရန် ကျမ်းစာအုပ်ကို ဖွင့်သည့်အချိန်တိုင်းတွင် ပထမဆုံး ကျွန်ုပ်တို့သည် ကျမ်းစာထဲရှိ သမ္မာတရား များအား ကျွန်ုပ်တို့ကို ဖွင့်ပြရန် သန့်ရှင်းသောဝိညာဉ်တော်အား တောင်းခံသင့်သည်။ ဒါဝိဒ်ဆုတောင်းချက်သည် ကျွန်ုပ်တို့နှင့်လည်း အသုံးတည့်မည်။ ““တရားတော်၌ အံ့ဘွယ်သောအရာတို့ကို နားလည်နိုင်မည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ။””   ဆာလံ ၁၁၉း ၁၈

ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနာခံခြင်းအားဖြင့် ကျွန်ုပ်တို့ ရင့်ကျက်လာသည်။
ခရစ်ယာန်များသည် ကျေးဇူးတော်နှင့် သခင်ယေရှုကို သိကျွမ်းခြင်းပညာ၌ ကြီးရင့်လာသင့်သည်။ ကြီးထွားဖို့ရန်အတွက် ကျွန်ုပ်တို့တွင် အစာ ရှိရမည်။ ကျွန်ုပ်တို့၏ ၀ိညာဉ်အစာမှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ ၀ိညာဉ်အစာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““နှုတ်ကပတ် တော်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လို ချင်သော စိတ်ရှိကြလော့။””
၁ပေ ၊ ၂း ၂
ကျွန်ုပ်တို့သည် အစာ စားသောအခါ အစာကို ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက်စေပြီး ထိုအစာသည် ကျွန်ုပ်တို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာသည်။ ထိုနည်းတူပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့၏ဘ၀အတွင်းသို့ ၀င်ရောက်စေပြီး ကျွန်ုပ်တို့ ဘ၀၏အစိတ်အပိုင်း တစ်ခု ဖြစ်လာစေရမည်။
ကျွန်ုပ်တို့၏ဘ၀အတွင်းသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ ၀င်ရောက်စေမည်နည်း။ နာခံခြင်းအားဖြင့် ၀င်ရောက်စေမည် ““.....နှုတ်ကပတ် တရားကို နာရုံမျှသာပြုသောသူမဟုတ်။ တရားကို ကျင့်သောသူဖြစ်ကြလော့။”” ယာကုပ် ၁း ၂၂
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်စဉ် နှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို ယုံကြည်၍  ကတိတော်များကို အပိုင်ရယူပြီး အမိန့်တော်များကို နာခံကြပါစို့။

ယနေ့ပင် စတင်ပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယနေ့ပင် စဖတ်ပါ။ ရှင်ယောဟန်ခရစ်ဝင်ကို စဖတ်ပါ။ ထိုကျမ်းကို နားလည်နိုင်ရန်အတွက် သန့်ရှင်းသော ၀ိညာဉ်တော်ကို တောင်းခံပါ။ သင့်စိတ်နှလုံးကို ထူးခြားစွာ တိုက်ရိုက်ပြောဆိုသော ကျမ်းပုဒ်များအား မျဉ်းတား ထားပါ။ ဤသို့လုပ်ခြင်း အားဖြင့် သင့် ကျမ်းစာအုပ်သည် သင့်အတွက်ပို၍ တန်ဖိုးရှိလာသည်။ ဤသို့လုပ်ရန် ရောင်စုံခဲတံကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ (ဘောပင် (သို့) မှင်စိုဘောပင်ကို မသုံးပါနှင့်။ ကျမ်းစာရွက်များကို ဖောက်ထွင်းပြီး စွန်းထင်းစေမည်ဖြစ်သည်။)
ယေရှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သိုးသငယ်တော်ဖြစ်သည်။ ကောင်းကင်ဘုံမှ ကျလာသော အသက်မုန့်၊ လမ်းခရီး၊ သမ္မာတရားနှင့်အသက်ဖြစ်သည်။ သူသည် ကောင်းသောသိုးထိန်းဖြစ်ပြီး ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ကို ပေးပိုင်သူဖြစ်သည်။ သူသည် မှန်သော စပျစ်နွယ်ပင်ဖြစ်ပြီး ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခဲ့သူဖြစ်သည်။ သူသည် ရှင်ပြန်ထမြောက်၍ အသက်ရှင်လျက်ရှိသော ခရစ်တော် လည်း ဖြစ်သည်။ ယေရှုသည် အထက်ပါအရာတို့ဖြစ်သည်ကို ရှင်ယောဟန်ခရစ်ဝင်တွင် ရေးသားထားသည်ကို သင်တွေ့ပေလိမ့်မည်။
သင်သည် ရှင်ယောဟန်ခရစ်ဝင်ကို ဖတ်ပြီးပါက တမန်တော်ဝတ္ထုကိုဖတ်ပါ။ ဤကျမ်းသည် ကနဦးအသင်းတော်များ၏ အကြောင်းကို ရေးထားသည်။ ထိုနောက် ရှင်မသဲခရစ်ဝင်ကို စဖတ်ပြီး ဓမ္မသစ် ကျမ်းတစ်အုပ်လုံးကို ဖတ်ပါ။ နောက်ဆုံး၌ ဓမ္မဟောင်းကျမ်းကို ဖတ်ပါ။ ဤသို့ဖတ်ခြင်းမှာ အချိန်ကုန်မည် ဖြစ်သော်လည်း တန်ဖိုးရှိစွာ အသုံးချသော အချိန်များဖြစ်ပေလိမ့်မည်။
သမ္မာကျမ်းစာကို ဖတ်နေတုံး သင်ကောင်းမွန်စွာ နားမလည်သောအရာများအတွက် မလိုအပ်ပဲ မစိုးရိမ်ပါနှင့်။ ကျမ်းစာကို ဖတ်ခြင်းသည် ငါးကို စားသည်နှင့်တူသည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့သည်။ သင်သည် ငါးကိုစားစဉ် အရိုးများနှင့်အခါအားလျော်စွာ တွေ့ကြုံရမည်ဖြစ်သည်။ အရိုးတစ်ခုနှင့် တွေ့သောအခါ သင်ဘာလုပ်သနည်း။ ထိုအရိုးကို ရိုးရှင်းစွာ ဘေးမှာဖယ်ထား၍ ငါးကိုဆက်စားသည် မဟုတ်လော။ ငါးရိုးတစ်ခုကို တွေ့ရုံမျှဖြင့် သင်သည် ငါးတစ်ကောင်းလုံးကို မလွှတ်ပစ်လိုက်ပါ။ ထိုနည်းတူ ပင် သမ္မာကျမ်းစာထဲ၌ သင်နားမလည်သောအရာတစ်ခုကို တွေ့ပါက ဤသို့ ပြောသင့်သည်။ ““ကျွန်ုပ် နားမလည်သောအရာ အရိုးတစ်ခုကိုတွေ့ပြီ။ အခုဤအရိုးကို ဘေးမှာဖယ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆက်ဖတ်မည်။””
သမ္မာကျမ်းစာထဲတွင် အမှားများနှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ်ရသော အရာများရှိသည်ဟု အခိုင် အမာပြောသောသူများအားဖြင့် သင်၏ ယုံကြည်ခြင်းကို မယိမ်းယိုင်ပါစေနှင့်။ ယုံကြည်ခြင်း မရှိသူများသည် သမ္မာကျမ်းစာကို ယုံကြည်မှု ပပျောက်စေရန် နှစ်ပေါင်းများစွာကတည်းက ကြိုးစား ခဲ့ကြသည်။ သို့သော် သမ္မာကျမ်းစာသည် မမှားယွင်းနိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ယနေ့တိုင် ရပ်တည် လျက်ရှိသည်။

ကျမ်းပုဒ်များကို အလွတ်ကျက်ပါ
သမ္မာကျမ်းစာကို အသုံးပြုနိုင်သည့်အထိ ကောင်းကောင်းနားလည်နိုင်ရန် လုပ်ဆောင်ရမည့် အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ သမ္မာကျမ်းစာ၏ ကျမ်းပုဒ်အချို့ကို အလွတ်ကျက်မှတ် ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတပါးတို့ကို သက်သေခံလိုသော်လည်း ဘာပြောရမည်ကို မသိကြပေ။ အကယ်၍ ကျွန်ုပ်တို့သာ ကျမ်းစာကို အလွတ်ကျက်မှတ်ထားပါက “ဘုရားသခင်က ဤသို့ပြောထားသည်” ဟူ၍ ယုံကြည်အချက်အပြည့်ဖြင့် သူတပါးတို့အား ပြောပြနိုင်သည်။ ဤသို့ပြောနိုင်ခြင်းမှာ ကျတ်မှတ်ထားသောအရာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သောကြောင့်ဖြစ်သည်။ အခြားသူများကို ကယ်တင်ရန် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသောစကားမှာ ကျွန်ုပ်တို့၏စကားမဟုတ်ဘဲ ဘုရားသခင်၏စကားတော် ဖြစ်သည်ကို အမြဲသတိရပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ““မဖောက်ပြန်မဖျက်ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်အစဉ်အမြဲတည်သောမူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်သွားသောကြောင့် ....””  (၁ပေ ၁း ၂၃)
ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အစိတ်အပိုင်းအချို့ကို သင်အလွတ်ကျက်မှတ်သည့်အခါတိုင်း တွင် သင်သည် ဘုရားသခင်ကို အစေခံခြင်း၌ အသုံးပြုရန်အတွက် တန်ဆာပလာတစ်ခုခုဖြင့် သင့်ကိုသင် တန်ဆာ ဆင်နေခြင်းပင်ဖြစ်သည်။

ကျမ်းစာကို မည်သို့ အလွတ်ကျက်မည်နည်း။
ကျမ်ပုဒ်များကို အလွတ်ရရန်အတွက် အဓိကလျှို့ဝှက်ချက်မှာ ထပ်ခါတလဲလဲရွတ်ခြင်းဖြစ်သည်။ သင်သည် အကြောင်းအရာတစ်စုံတစ်ခုကို ကြိမ်ဖန်များစွာ ပြောဆိုပါက ထိုအရာကို သင်အလွတ်ရနေမည် ဖြစ်သည်။ ကျမ်းပုဒ်များကို အလွတ်ရရန်အတွက် လုပ်ဆောင်ရမည် အကောင်းဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းမှာ ကဒ် (Cards) များကို အသုံးပြုခြင်းဖြစ်သည်။ ၃ x ၅ အရွယ်အစား ကဒ်များကိုဝယ်ပါ။ ကဒ် တစ်ခု၏ မျက်နှာပြင်တစ်ဖက်တွင် သင်အလွတ်ကျက်လိုသော ကျမ်းပုဒ်ကို ရေးပါ။ အခြာတစ်ဖက်တွင် ကျမ်းညွှန်းကိုရေးပါ။ ကျမ်းပုဒ်များကို မှန်ကန်စွာ ပြန်ကူးရန်သတိပြုပါ။
ထိုကဒ်များကို သင်သွားလေရာရာယူဆောင်သွား၍ မကြာခဏ ဖတ်ဖြစ်အောင်ကြိုးစားပါ။ ကဒ်ပေါ် ရှိ ကျမ်းညွှန်းများကိုကြည့်၍ အခြား တစ်ဖက်ရှိ ကျမ်းပုဒ်ကို သင်ရွတ်နိုင်သလားဟု စစ်ဆေးပါ။ ထို့နောက် ကဒ်ကိုမှောက်ထား၍ ကျမ်းပုဒ်များကို မှန်ကန်စွာ ရွတ်ခြင်းအားဖြင့် မိမိကိုယ်ကို စစ်ဆေးပါ။ ဤအရာကို ထပ်ခါတလဲလဲလုပ်ပါ။ ကျမ်းပုဒ်များကို ချောမွေ့တိကျစွာရွတ်နိုင်သည်အထိ ထပ်ခါတလဲလဲရွတ်ပါ။ မကြာမီသင်သည် ထိုကျမ်းပုဒ်များကို အလွတ်ရလာကြောင်းကို သင်သိလာပေမည်။ ထိုသို့ အလွတ်ရလာ ပါက ကျမ်းပုဒ်အသစ်များကို ဆက်လက်ကျက်နိုင်ပြီဖြစ်သည်။

ပြန်လည်ကျက်မှတ်စစ်ဆေးရမည်။
သင်ကျက်မှတ်ထားသော ကျမ်းပုဒ်များကို သင်မှတ်မိပါရဲ့လား? ကျက်မှတ်ထားသော ကျမ်းပုဒ် များကို သတိရလိုပါက မကြာခဏ ပြန်လည်ကျက်မှတ်စစ်ဆေးရမည်။ အပတ်စဉ်တိုင်း ကျမ်းပုဒ်အသစ် တစ်ခုကို ထည့်ပေါင်း၍ သင်ကျက်နိုင်သည်။ သို့သော် ကျက်ပြီးသား ကျမ်းပုဒ်များကို ပြန်နွှေးရန် မမေ့ပါ နှင့်။ (ပြန်လည်ကျက်မှတ်စစ်ဆေးပါ။) သင်သည် ကျမ်းစာကို အလွတ်ကျက်နိုင်သည်၊ အထက်ပါကျမ်းစာ ကျက်မှတ်ရန် Plan အတိုင်း သင်မလုပ်ကြည့်ပဲ၊ ကျွန်ုပ်သည် မှတ်ဥာဏ်မကောင်း၍ ကျမ်းစာကို အလွတ် မကျက်နိုင်ပါဟု ကိုယ့်ကိုကိုယ်ဆင်ခြေမပေးပါနှင့်။ သင် အလွတ် ကျက်နိုင်သည်။ သင်ယခု ကျက်မှတ်သော ကျမ်းပုဒ်များသည် နောင်အခါတွင် ဘုရားသခင်၏ အစေခံတစ်ဦးအနေဖြင့် သင်အသုံးပြုရမည် တန်ဆာ ပလာများဖြစ်သည်။ အောက်ပါကျမ်းပုဒ်များကို စတင်ကျက်သင့်သည်။


ပထမအပတ်  ဒုတိယအပတ်
ရော  ၃း ၂၃  ရော ၃း ၁၀
ရော  ၆း ၂၃  ဟေဗြဲ ၉း ၂၇
ယော ၃း ၁၆  ရော   ၅း ၈
ယော ၁း ၁၂  တမန် ၁၆း ၃၁
ယော ၃း ၃၆  ၁ယော ၅း ၁၁,၁၂
တတိယအပတ်  စတုတ္ထအပတ်
ဟေရှာယ ၅၃း ၅,၆ တိတု    ၃း ၅
၁ပေ      ၃း ၁၈ ဧဖက်   ၂း ၈,၉
ယော     ၁၄း ၆ ဂလာတိ ၃း ၂၆
တမန်    ၄း ၁၂ ဂလာတိ ၄း ၆
ယော     ၃း ၃ ၁ယော   ၅း ၁၃


သခင်ဘုရားနှင့်နေ့စဉ် မိတ်သဟာယဖွဲ့ခြင်း
အကယ်၍  သင်သည် ဘုရားသခင်နှင့် ထိရောက်စွာ လုပ်ကိုင်သောအစေခံတစ်ဦးဖြစ်လိုပါက ကျမ်းစာကို ကောင်းစွာနားလည်ရုံမျှမက သခင်ယေရှုနှင့်လည်း နေ့စဉ်မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။
သန်စွမ်းကျန်းမာသော ခရစ်ယာန်အသက်တာတစ်ခု၏ လျှို့ဝှက်ချက်မှာ နေ့စဉ် တိတ်ဆိတ်သောအချိန် ယူခြင်း (Quiet Time) ဖြစ်သည်။
Quiet Time ဆိုသည်မှာ နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သခင်ဘုရား နှင့် နေ့စဉ်မိတ်သဟာယဖွဲ့ရန် အသုံးပြုသော အချိန်ကို ဆိုလိုသည်။
အကယ်၍ ကျွန်ုပ်တို့သည် Quiet Time အချိန်ကို သတ်မှတ်ထား၍ သစ္စာရှိစွာ မိတ်သဟာယဖွဲ့မည် ဆိုပါက အောက်ပါ အံ့သြဖွယ် ကောင်းချီးင်္မလာများသည် ကျွန်ုပ်တို့ထံ ရောက်ရှိလာမည်ဖြစ်သည်။